ဓမ္မစာပေများ

       

ပဌာန်း (၂၄) ပစ္စည်း၏ အဓိပါယ်ဖွင့်ဆိုချက်

ဒါကတော့ ၂၄ပဌာန်းပစ္စည်းပါ.. ရွတ်လို့ရှိရင်လည်းလေးလေးစားစားရွတ်ပါတဲ့..အကျိုးထူးပါလိမ့်မယ်တဲ့..
၂၄ပဌာန်းဆိုတာကမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူထားတာပါ...
အခုနောက်ပိုင်းဂါထာတွေအများကြီးထွက်တာတွေ.ရပါတယ်..တချို.ကတော့ မြတ်စွာဘုရားဟောထားတာကိုမှီငြမ်းပြီးပြန်ပြင်ထားတာပါ..ဒါကတော့ အော်ရီဂျင်နယ်ပေါ့..... ပါဠိရော..မြန်မာလိုရော ၂မျိုးဆိုတော့ နဲ၂တော့ပိုရှင်းတာပေါ့နော်..
ဒါပေမယ် တချို.စာလုံးတွေတောင် ကျမလည်းသိပ်နားမလည်ပါ အမှန်အတိုင်းဝန်ခံရရင်.. ဒါကတော့ထဲထဲဝင်ဝင်လေ့လာရင်တော့ ဘာကဘာဆိုတာသိမယ်ထင်ပါတယ်.....ဂါထာတော်တွေဆိုတာအများကြီးပါပဲ..... သဘောတရားကတော့တူတူပါပဲ...လူတိုင်းမှာကိုယ့်စတိုင်နဲ့ဆိုတာကိုယ်ရှိကြမှာပါ... စာရေးဆရာတောင်သူ.စတိုင်နဲ့သူ.ရေးနည်းရေးဟန်သူပေါ့....ဘုန်းဘုန်းတွေလည်းသူ.နည်းသူ.ဟန်ရှိကြပါတယ်....ဘုရားရှိခိုးလည်းအမျိုးမျိုးရှိတာပဲ.....သချာင်္ပုစ္ဆာ၁ပုဒ်ကို ဖော်မြူလာအမျိုးနဲ့တွက်လို့ရပါတယ်..နောက်ဆုံးအဖြေမှန်ရင်ပြီးတာပဲ...ဒါပေမယ့် နောက်ဆုံးသဘောတရားကဒါပါပဲလေ......ယုံယုံကြည်ကြည်နဲ့ရွတ်ဆိုပူဇော်ကြပါ.....
ပြီးရင် ရ၇က်သားသမီးကို အမျှအတန်းဝေပါ.အမြဲတမ်းရွတ်ပါလို့မပြောလိုပါဘူး...အားမှာလည်းမဟုတ်ဘူးဆိုတာသိပါတယ်....
ဥပမာ မြန်မာအခါကြီးရက်ကြီးတွေပေါ့..လပြည့်နေ့လိုအခါမျိုးပေါ့....ဒီဖိုရမ်ကိုလာရင်းနဲ့မြင်ခဲ့သည်ရှိသော်ရွတ်လို့ရတာပေါ့နော်.....ကုသိုလ်တွေဘာတွေအသာထားပါ ကောင်းတာလုပ်မှ ကောင်းတာရမှာ(ဒါကအများပြော)....ကောင်းတာလုပ်တိုင်းလည်းကောင်းတာကြီးပဲပြန်ရ ရမယ် ရယ်လို့တော့မရှိပါဘူး...
ဘာပဲဖြစ်ဖြစ်ပါ..မကောင်းတာလုပ်တာထက်စာရင် ကောင်းတဲ့အရာတွေပိုလုပ်ရင် ပိုမကောင်းဘူးလား.... ..ဘာပဲလုပ်လုပ်ကိုယ့်အတွက်ကအရင်ရတာပါ..သူများအတွက်ကိုကလုပ်တယ်ဆိုပေမယ့်လည်း ကိုယ်ကစိတ်ချမ်းသာမှုရတာ ကိုယ်အရင်ရတာပါ

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ် နားလည်နိုင်သလို နားလည်ထားသည့် အတိုင်း အကျိုးရလဒ်များ ထင်ရှားဖြစ်ထွန်းလာအောင် စီစဉ်ထားရကား ယင်း၂၄ပစ္စည်းဆုတောင်းဖြင့် ကောင်းကျိုးသုခများ ရရှိလာကြမည်မှာ မုချဧကန်ဖြစ်ပါ၏။ အလုပ်ကိစ္စတွေ အဘယ်မျှ များပြားနေပါစေ။ ယုတ်စွအဆုံး တစ်ရက်တစ်ပစ္စည်း နှုတ်တက်ကျက်မှတ်ပါက ၂၄ ရက်တွင် ၂၄ ပစ္စည်းလုံး နုတ်တက်ရရှိမည်ဖြစ်ပြီး ဆက်လက်၍နေ့စဉ် ဘုးရားဝတ်ပြုပြီးတိုင်း ပဌာန်း ၂၄ ပစ္စည်းဆုတောင်းကို ရွတ်ဆိုဆုပန်ပါလျှင် အမှန်ပင် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။

ဣတိဝုတ် ပါဠိတော်၌ မြတ်ဗုဒ္ဓ ညွှန်ပြတော်မူ သည့်အတိုင်း ဆုတောင်းပတ္ထနာသည် တဏှာပတ္ထနာနှင့် ဆန္ဒပတ္ထနာ ဟု နှစ်မျိုးရှိသည့်အနက် ဆန္ဒပတ္ထနာ (ကုသိုလ်ဆန္ဒ)နှင့် ဆုတောင်းကြရပါမည်။ ဆုမတောင်းမီ ဘုရားရှိခိုးခြင်း စသည့် ကုသိုလ်ကံတစ်ခုခု ပြုပြီးမှသာ ဆုတောင်းကြရပါမည်။ ပဌာန်း ၂၄ ပစ္စည်းသည် ဗဟုဝုစ် (အများဆိုင်) ဖြစ်သဖြင့် ဆန္ဒပတ္ထနာ မည်ပါသည်။

သို့ဖြင့် ပဌာန်း ၂၄ ပစ္စည်းဆုတောင်းအပေါ် ယုံကြည်မြတ်နိုးသော သဒ္ဓါဗလကို အရင်းထားလျက် အဆက်မပြတ်ဆုတောင်းခြင်း ၀ီရိယဗလ၊ မမေ့မလျော့ခြင်း သတိဗလ၊ တစိုက်မတ်မတ် တည်ခြင်း သမာဓိဗလ၊ အဓိပ္ပါယ်ကို ပို၍ ပို၍ ထိုးထွင်းသိမြင်ခြင်း ပညာဗလ ဟူသည့် ဗလ ငါးမျိုး တိုးထက်တိုး ကောင်းကျိုး ပြည့်ဝကြမည် ဖြစ်ပါသတည်း။


            ( ဓမ္မဟေ၀န် ဆိုဒ်  မှ ကူးယူဖော်ပြသည် )



မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကား
သင်္ခါရသဘောတို့သည် ပျက်စီးခြင်းသဘောရှိကြသည်၊
 သင်ချစ်သားတို့ မမေ့မလျှော့သော သတိတရားတို့ဖြင့်
အားထုတ်ကြကုန်လော့

မမေ့အပ်သော ဗုဒ္ဓ သြ၀ါဒ
အားကိုးရာအစစ်ကား
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ။
မိတ်ဆွေအစစ်ကား
ကံ၊ ဥာဏ်၊ ၀ီရိယ။
ရန်သူအစစ်ကား
လောဘ၊ ဒေါသ၊ မောဟ။
နေ့စဉ်အလုပ်ကား
ဒါန၊ သီလ၊ ဘာဝနာ။
အမြဲနှလုံးသွင်းရန်ကား
အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
အမြဲလက်ကိုင်ထားရန်ကား
ခန္တီ၊ မေတ္တာ၊ သစ္စာ။

ဗုဒ္ဓသြ၀ါဒ...
အမျက်ထွက်သူကို
အမျက်မထွက်သူက
အမြဲနိုင်၏။
မကောင်းပြောသူကို
အကောင်းပြောသူက
အမြဲနိုင်၏။
စေးနဲသူကို
ပေးကမ်းသူက
အမြဲနိုင်၏။
မုသားပြောသူကို
သစ္စာဆိုသူက
အမြဲနိုင်၏။

ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်
ကာမချမ်းသာ၊ သုံးဆောင်တာ၊
ပယ်ခွာရှောင်ရမည်။
မသုံးဆောင်ပဲ၊ ကိုယ်ဆင်းရဲ၊
ဒါလဲရှောင်ရမည်။
စိတ်အလိုကျ၊ လွှတ်ထားက၊
ကာမသုခလ္လိကာနုယောဂါ။
ပင်ပန်းရုံမျှ၊ အားထုတ်က၊
အတ္တကိလမထာနုယောဂါ။
သစ္စာမမြင်၊ မဂ္ဂင်မပါ၊
လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊
ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊
သီလဗ္ဗတပင်။
အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊
အလယ်လမ်းမှန် ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်၊
ဥာဏ်မြင်ပေါက်၊
ဆိုက်ရောက် နိဗ္ဗာန်ပြည်။

အာရုံငါးပါးတို့၌ ငြိတွယ်သူတို့သည်...
ကာမဂုဏ်တို့၌
ကပ်ငြိကုန်သော
ကာမဂုဏ်တို့၌
ငြိတွယ်ခြင်းတို့ဖြင့်
ငြိတွယ်ကုန်သော
သံယောဇဉ်တို့၌
အပြစ်ကို မမြင်ကုန်သော
သံယောဇဉ် ငြိတွယ်ခြင်းဖြင့်
ငြိတွယ်ကုန်သော
သတ္တ၀ါတို့သည်
ပြန့်ပြော လှစွာသော
သြဃကို မကူးနိုင်ကုန်ရာ
အမွန်မြတ်ဆုံး
လောကဓံတရား ရှစ်ပါးတို့နှင့်
တွေ့ကြုံရသောအခါ
မြင့်မြတ်သူ၏စိတ်သည်
မတုန်လှုပ် မစိုးရိမ်၊
ရမ္မက်ကင်း၏
အမျက်ကင်း၏။
ဤတရားလေးပါးသည်
အမွန်မြတ်ဆုံး
မင်္ဂလာတို့ပေတည်း။
သတိပဋ္ဌာန် ကိုယ့်သန္တာန်-
သတိပဋ္ဌာန် ဓမ္မစက်ကို
ဝန်ခံချက်နှင့် တို့မြတ်စွာ
ဟောပုံမိန့်မှာ ထိုတရားကို
ဖြစ်ပွားစေတဲ့ ရှင်လူမှာ
အလွန်ကြာလျှင် ခုနစ်နှစ်နဲ့
ရဟန္တာစစ် ဖြစ်နိုင်ပါ
စွဲမှုကုန်အောင် နာဂါမ်လောက်တော့
ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ
မြန်သူဆိုလျှင် ခုနစ်ရက်နဲ့
ထိုမဂ်ဖိုလ်ကို ရနိုင်ပါ
ရဲရင့်ခိုင်မာ ၀န်ခံချက်နှင့်
ဓမ္မစက်ကို ဟောခဲ့ပါ
နိဗ္ဗာန်လိုသူ မယုံမှားနဲ့
မြတ်ဘုရားကို ယုံကြည်တာ
သတိပဋ္ဌာန် ကိုယ့်သန္တာန်
အမြန်ပွားစေရာ
သို့ပွားစေမှ နိဗ္ဗာန်ရ မုချငြိမ်းအေးမှာ။

ထွဋ်ခေါင် ဆရာတော် သြ၀ါဒ
ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊
ဆိတ်ငြိမ်ရာသို့ချင်း။
အနိစ္စကောင်၊ ဒုက္ခကောင်၊
အနတ္တကောင်၊ အသုဘကောင်၊
ထင်အောင်နှလုံးသွင်း။
အနိစ္စတုံး၊ ဒုက္ခတုံး၊
အနတ္တတုံး၊ အသုဘတုံး၊
လုံးလုံးမှတ်ကြမင်း။
ဤသို့ထင်မှ၊ မဂ်လမ်းစ၊
ရမည်မှန်စင်းစင်း။
မဂ္ဂင်ဖောင်ကြီး၊ တက်၍စီးမှ၊
ပြည်ကြီးအမတ၊ နိရောဓ၊
ရမည်မှတ်ကြမင်း။
ယခုဘ၀၊ မသိကြ၊
အမတမည်ခေါ်၊ ရွှေပြည်တော်၊
အစော်မနံလျှင်း။
တောင်ပုလု ဆရာတော်၏ သြ၀ါဒ-
သင်တို့တတွေ
အသိအမှတ်ပြုနိုင်သမျှ
သံသရာပြတ်ကြောင်း ၀ိဇ္ဇာချည်းပဲ၊
အသိအမှတ်မပြုသမျှ
သံသရာလည်ကြောင်း
အ၀ိဇ္ဇာချည်းပဲမှတ်ကြ။
မဟာစည် ဆရာတော် သြ၀ါဒ---
ရိုးဖြောင့်သူ၏ ၀စီကံ-
လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ်
ပကတိ ရိုးသားဖြောင့်မတ်တဲ့
ပုဂ္ဂိုလ်ကတော့ ဟုတ်သလောက်သာ
ရိုးသားစွာ ပြောလေ့ရှိတယ်
အပိုအမို ပုံကြီးချဲ့ပြီးတော့
ဝါကြွား ပြောလေ့မရှိပါဘူး။

ပထမ ရွှေကျင်ဆရာတော် သြ၀ါဒ
စိတ်သည်
တောမျောက်ကဲ့သို့ လော်လီ၏
အလိုမလိုက်ရာ။
ကာလကို လူမစားလျှင်
လူကို ကာလစားသည်။
သည်းခံခြင်း လက်နက်ဆောင်လျှင်
ဒေါသမီးမလောင်၊
ဒုတ် လက်နက်ဆောင်လျှင်
ခွေးဟောင်သည်။

လယ်တီဆရာတော်ကြီး၏ဆုံးမစာ
ငါးအာရုံအင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မလိုက်ချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။

စွန်းလွန်း ဆရာတော်ကြီး သြ၀ါဒ
ထိမှု သိမှု ထိုနှစ်ခု သတိကြပ်ကြပ်ပြု၊
ထိတော့သိလိမ့်မယ်၊
သိတဲ့အပေါ်မှာသတိထား။
အလုပ်ကိစ္စအားဖြင့် ထိတော့သိ၊
သိတဲ့အပေါ်မှာသတိထား။

ဝန်းသိုခန္တီး ဆရာတော် သြ၀ါဒ-
ဝိပဿနာအလုပ် တရားအားထုတ်မှုကို
သေနေ့မဦးခင် ကိုယ်ကဦးအောင်
အားထုတ်မှသာ
ဝဋ်ဒုက္ခ ဘ၀ဆိုးအရပ်ရပ်
သံသရာရဟတ်ကြီး အပြီးအပြတ်
လက်စဖြတ်နိုင်ကြပေမည်။

သပြေကန် ဆရာတော် သြ၀ါဒ-
ဥပနီယတိ လောကော အဓုဝေါ။
အိုနာသေဘက်၊ အချေပျက်ဖို့၊
ရက်ဆက်နေ့စဉ်၊ လျင်လျင်မချို့၊
တွင်တွင်ပို့၊ လူတို့မမြဲပါတကား။
အိုဘေးနာဘေး၊ သေဘေးရောက်သော်၊
စောင့်ရှောက်နိုင်သူ၊ ကယ်သူကင်းလျက်၊
သက်သာရေးရာ၊ ပေးနိုင်ဝေးကွာ၊
တို့သူငါ၊ ကိုးရာမဲ့လှချေတကား။
ကိုယ်အမြဲဆိုင်၊ မပျက်နိုင်သည့်၊
ကိုယ်ပိုင်ဥစ္စာ၊ မရှိပါခဲ့၊ ဥစ္စာဟူသရွေ့၊
တစ်နေ့ကျကာ၊ တို့သူငါ၊ စွန့်ခွာသွားရမှာတကား။
သူသူငါငါ၊ လူတကာကား၊
ဥစ္စာဓန၊ ဘယ်မျှပြည့်စုံ၊
ဘယ်ပုံပေါလဲ၊ လျော့မြဲမပို၊
လိုနေစမြဲ၊ မရောင့်ရဲကြ၊
မပြည့်ဝ၊ တဏှာ့ကျွန်ချည့်ပါတကား။

မဟာဂန္ဓာရုံဆရာတော်၏ သြ၀ါဒ
ကုသိုလ်ဥစ္စာ၊ ကျန်းခံ့သာ၍၊
ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက် ၀မ်းနည်းဖွယ်။
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ-၏ သြ၀ါဒ
စေတနာကောင်းလျှင် ကံကောင်းမယ်၊
စေတနာဆိုးလျှင် ကံဆိုးမယ်၊
စေတနာယုတ်လျှင် ကံယုတ်မယ်၊
စေတနာမြတ်လျှင် ကံမြတ်မယ်၊
စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊
စေတနာကောက်လျှင် ကံကောက်မယ်၊
စေတနာမွဲလျှင် ကံမွဲမယ်၊
စေတနာဌေးလျှင် ကံဌေးမယ်၊
စေတနာစင်ကြယ်လျှင် ကံစင်ကြယ်မယ်၊
စေတနာညစ်ပတ်လျှင် ကံညစ်ပတ်မယ်၊
စေတနာဖြူလျှင် ကံဖြူမယ်၊
စေတနာမည်)  ( ဓမ္မဟေ၀န် ဆိုဒ်  မှ ကူးယူဖော်ပြသည် )

                    သံသရာမှ နိဗ္ဗာန်သို့

သံသရာစက်ဝိုင်းကို ဖောက်ထွက်၍ နိဗ္ဗာန်သို့ကူးရသည်မှာ အလိုလို ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်ပေ။ ကျိုးကြောင်းဆင်ခြင်မှု ဆိုသော ဒဿန နည်းဖြင့် ချဉ်းကပ်၍ ရသည်လည်း မဟုတ်ပေ။
ဘ၀၏အစစ်အမှန်တရားကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်ရန် ကြိုးပမ်းရမည်မှာ ၀ိပဿနာလမ်းကြောင်းဖြစ်ပါသည်။ ဤသည်မှာလည်း နေ့ချင်းညချင်းနှင့် ရုတ်တရက်ရနိုင်သော အကျိုးရလဒ်ဟု ယူဆ၍ မရနိုင်ပါချေ။

(ပါရမီရင့်သန်ပြီးသူ အချို့သာ ခြွင်းချက်အဖြစ် ရှိနိုင်ပါသည်။)
တစ်ဆင့်ပြီး တစ်ဆင့် ကျင့်ကြံပွားများ အားထုတ်ရသည်က များပါသည်။
ဤသို့ဖြစ်ရသည်မှာ သံသရာတွင်ကျင်လည်နေရသော လူ(သတ္တ၀ါ)တို့မှာ ကြိုးဆယ်ချောင်းဖြင့် နှောင်ကြိုး
တည်းခံထားရသောကြောင့် ဖြစ်ပါသည်။ ဤကြိုးဆယ်ချောင်းကို ဗုဒ္ဓကျမ်းဂန်များက ကိလေသာဆယ်ပါး (Ten Cords of Bondage) ဟု ရေတွက်ပြပါသည်။
ဤသည်တို့မှာ ...
(၁) လိုချင်တပ်မက်ငြိတွယ်ခြင်း (လောဘ)
(၂) စိတ်ဆိုး ၊ အမျက်ထွက်ပူလောင်ခြင်း (ဒေါသ)
(၃) အမှန်အတိုင်း မသိမမြင်နိုင်ဘဲ တွေဝေခြင်း(မောဟ)
(၄) မိမိကိုယ်ကိုယ် အရှိထက်ပို၍ ထင်မှတ်မှားခြင်း(မာန)
(၅) အစွဲအလမ်း အခုအခံများဖြင့် အသိမှား အယူမှားခြင်း(ဒိဋ္ဌိ)
(၆) အမှန်တရားအပေါ် ယုံမှားသံသရာ ဖြစ်ခြင်း(၀ိစိကိစ္ဆာ)
(၇) လေးလံထိုင်းမှိုင်းသောစိတ်(ထိနမိဒ္ဓ)
(၈) ပျံ့လွင့်သောစိတ်(ဥဒ္ဓစ္စ)
(၉) မကောင်းမှုလုပ်ရသည်ကို မရှက်တက်ခြင်း (အဟိရိက)
(၁၀) မကောင်းမှုလုပ်ရသည်ကို မကြောက်လန့်ခြင်း (အနောတ္တပ္ပ) တို့ဖြစ်သည်။
တနည်း...
၁။ အ၀ိဇ္ဇာသံယောဇဉ်
၂။ ကာမရာဂသံယောဇဉ်
၃။ ဘ၀ရာဂသံယောဇဉ်
၎။ ပဋိဃသံယောဇဉ်
၅။ မာနသံယောဇဉ်
၆။ ဒိဋ္ဌိသံယောဇဉ်
၇။ သီလဗ္ဗတပရာမာသသံယောဇဉ်
၈။ ဣဿာသံယောဇဉ်
၉။ မစ္ဆရိယသံယောဇဉ်
၁၀။ ၀ိစိကစ္ဆာသံယောဇဉ် တို့ ဖြစ်သည်။
ဤကြိုးဆယ်ချောင်းကို တစ်ပြိုင်းတည်း ဖြတ်၍ရသည်မဟုတ်။ သူ့အကန့်နှင့်သူ ဖြတ်ရသည်မျိုးဖြစ်သည်။
ဤသို့ ကြိုးဆယ်ချောင်းကို ဖြတ်ရသည့်အတွက် လူသည် အဖြစ်တရားတို့၏ အစုအဝေး(သံသရာ)ဆိုသော တစ်ဖက်ကမ်းမှ “စိတ်၏ဖြူစင်သန့်ရှင်းမှု စိတ်အလျဉ်ခရီး (Stream of mind purification )” ကို ဖြတ်သန်းပြီး
မှသာလျှင် အရှိတရားတို့၏ နေရာ (နိဗ္ဗာန်)ဆိုသည့် အခြားတစ်ဖက်ကမ်းသို့ ဆိုက်ရောက်နိုင်ပါသည်။
ဤစိတ်အလျဉ်ခရီးတွင် အဆင့်လေးဆင့်ရှိသည်။
ပထမအဆင့်ကို “သောတာပန်” ဟု ခေါ်သည်။ ဤအဆင့်တွင် ကြိုးဆယ်ချောင်းထဲမှ" ဒိဋ္ဌိ ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဣဿာ၊ မစ္ဆရိယသံယောဇဉ်” ဆိုသော ကြိုး ၅-ချောင်းကိုသာ အပြီးဖြတ်နိုင်ပါသေးသည်။ သို့အတွက် အပါယ်သို့မလားနိုင်တော့သည့်တိုင် သံသရာထဲမှ အပြီးတိုင်ထွက်နိုင်သေးသည် မဟုတ်ပါ။
ဒုတိယအဆင့်ကို “သကဒါဂါမ်” ဟု သတ်မှတ်သည်။ ကျန်ကြိုး ၅-ချောင်းထဲမှ ကြိုးနှစ်ချောင်းဖြစ်သော" ဒေါသ(ပဋိဃ) နှင့် လောဘတစ်ပိုင်း(ကာမရာဂ) "ကို အားနည်းအောင်
လျှော့ချနိုင်သည်။ သို့သော် အပြီးတိုင်မဖြတ်နိုင်ပေ။ သံသရာခရီးသို့ တစ်ကြိမ်ပြန်လည်နိုင်သေးသည်။
တတိယအဆင့်မှာ “အနာဂါမ်” ဖြစ်ပါသည်။" ပဋိဃသံယောဇဉ်၊
ကာမရာဂသံယောဇဉ် "ကို အပြီးတိုင်ဖြတ်နိုင်သည့်တိုင် ကြိုး ၃-ချောင်း ကျန်နေပါသေးသည်။
လောဘဆိုသော ကြိုးမှာပင် ကာမရာဂဆိုသော အကြမ်းစားတဏှာကိုသာ ပယ်နိုင်သော်လည်း ရူပရာဂ၊ အရူပရာဂ ဆိုသည့် အနုစား တဏှာအချို့ကား ကျန်သေးသည်။ သံသရာသို့ ပြန်လည်ထွက်ဖို့မူ အခွင့်အလမ်း နည်းသွားပြီဟု ဆိုနိုင်ပါသည်။
စတုတ္ထနှင့် နောက်ဆုံးအဆင့်မှာ “ရဟန္တာ” ဖြစ်ပါသည်။ မာနသံယောဇဉ်၊ ဘ၀ရာဂသံယောဇဉ်၊အ၀ိဇ္ဇာသံယောဇဉ် စသော ကြိုးအားလုံးကို အပြီးတိုင်ဖြတ်တောက်ပြီးဖြစ်၍
တစ်ဖက်ကမ်းသို့ ခြေချနိုင်ပြီဖြစ်သည်။ သံသရာခရီးသို့ ပြန်လည်ထွက်ရန် အကြောင်းမရှိတော့ပါ။
နိဗ္ဗာန်ကို မျက်မှောက်ပြုပြီဟု ဆိုနိုင်ပါသည်။ တစ်နည်းဆိုရလျှင် အဖြစ်တရားနယ်ပယ်မှ အရှိတရား နယ်ပယ်သို့ ၀င်ရောက်နိုင်ပြီဖြစ်သည်။ ဤသည်ပင် ဗုဒ္ဓဓမ္မ၏ အမြင့်ဆုံး ရည်မှန်းချက်ပန်းတိုင် ဖြစ်တော့သည်။

တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။


                                               

မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ

 

မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောဋ္ဋိရွာဆီသို့ ကြွရောက်တော် မူပြီးလျင် ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ -
ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို လျော်ကန်စွာ မသိခြင်းကြောင့်၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ငါသည် လည်းကောင်း၊ သင်တို့သည်လည်းကောင်း၊ ရှည်လျားလှစွာသော ဤ(သံသရာ) ကာလပတ် လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။
အဘယ်လေးပါးတို့ကို(မသိခြင်းကြောင့်)နည်းဟူမူ-ရဟန်းတို့ ဆင်းရဲအမှန်(ဒုက္ခအရိယသစ္စာ)၊ ဆင်းရဲဖြစ်ကြောင်းအမှန် (သမုဒယအရိယသစ္စာ)၊ ဆင်းရချုပ်ရာအမှန် (နိရောဓအရိယသစ္စာ)၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ်အမှန် (မဂ္ဂအရိယသစ္စာ) ဖြစ်သည်။
ရဟန်းတို့ (ငါသည်) ထို အရိယ သစ္စာလေးပါးကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ၊ ဘဝ၌ တပ်မက်ခြင်း( ဘဝတဏှာ) ကို အကြွင်းမဲ့ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာသည် ကုန်လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသည် အပေါ်တွင် ရေးသားဖော်ပြခဲ့သော စကားကို မိန့်တော်မူပြီးလျင် ဤသို့ဆိုလတ္တံ့သော စကားကိုလည်း မိန့်တော်မူပြန်၏-
"အရိယသစ္စာလေးပါးတို့ကို ဟုတ်မှန်သောအတိုင်း မသိခြင်းကြောင့် ထိုထို ဘဝတို့၌ ရှည်လျားလှစွာသော(သံသရာ) ကာလပတ်လုံး ကျင်လည်ခဲ့ရလေပြီ၊ ထိုအရိယသစ္စာတို့ကို (ငါသည်) သိမြင်ပေပြီ၊ ဘဝသစ်ကိုဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာကို ကောင်းစွာနုတ်ပယ်ပြီး ပေပြီ၊ ဆင်းရဲ၏ အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးပေပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ" ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို အလေးအနက်ထားတော်မူရခြင်း အကြောင်းရင်းကို စာဖတ်သူများ နားလည်သဘောပေါက်နိုင်ပါသည် ။ မြတ်စွာဘုရား၏ အလေး အနက်ထားမှုကို ကျွန်ုပ်တို့မှ လေးစားစွာဖြင့် နာကြားကျင့်ကြံရမည် မဟုတ်ပါလား….
မြတ်စွာဘုရားသည် ထိုကောဋ္ဋိရွာ၌ နေတော်မူစဉ်လည်း ရဟန်းတို့အား ဤသို့သော တရားစကားကိုသာလျင် အကြိမ်များစွာ ဟောတော်မူ၏ -
"ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကားပညာတည်း။
• သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသောအကျိုးအာနိသင်ရှိ၏။
• သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုးအာနိသင်ရှိ၏။
• ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဟူသော အာသဝေါတို့မှ ကောင်းစွာသာလျင် လွတ်မြောက်၏" ဟု ဟောတော်မူပါသည်


                             

                  မိဘကျေးဇူးဆပ်ပုံများ

 

လောက၌ မိဘတို့ကျေးဇူးတို့သည် အလွန်တရာမှ ကြီးမားလှပါသည်။ မိဘကျေးဇူး ကြီးမားလွန်းသဖြင့် သာမာန်လူတစ်ဦးအဖို့ မိကိုလက်ယာ၊ ဖကိုလက်ဝဲ ပခုံးထက်၌တင်၍ ထိုပခုံးထက်မှာပင် အညစ်အကြေးတို့ကို သုတ်သင်၍ တစ်သက်တာပတ်လုံး ကျွေးမွေးပြုစု ကျေးဇူးဆပ်သော်လည်း မကျေနိုင်။ ထိုမိဘတို့အား ရတနာသုံးပါးတို့၌ မကြည်ညိုလျှင် ကြည်ညိုလာအောင်၊ သဒ္ဓါတရားမရှိလျှင် ရှိလာအောင်၊ မိစ္ဆာဒိဋ္ဌိဖြစ်နေက ထိုအယူကိုစွန့်၍ သမ္မာနွယ်ဝင် သူတော်စင်ဖြစ်လာအောင်၊ ရတနာသုံးပါး ကံ၊ကံ၏အကျိုးတရားကို ယုံကြည်လာအောင်၊ တက်နိုင်လျှင် မဂ်တရား၊ ဖိုလ်တရားများ ရရှိနိုင်သော လမ်းမှန်သို့ရောက်အောင် ဟောဖော်ညွှန်ပြ ဓမ္မတရားဖြင့် ကျေးဇူးဆပ်နိုင်မှသာ ကျေးဇူးတရားကို ဆပ်ရာရောက်ကြောင်း၊ ပြေကုန်နိုင်ကြောင်း မာတုပေါသကသုတ်၌ လာရှိပါသည်။
မြတ်စွာဘုရားသည် မယ်တော် သန္တုဿိတနတ်သားကို တရားဟော၍ သောတာပန် တည်စေခဲ့သည်။ ယင်းကိုထောက်၍ နို့တစ်လုံးဖိုးသာ ကျေသည်ဟူသော မှားယွင်းသောစကားကို အလွယ်မပြောမိအောင် စောင့်ထိန်းသင့်ပါသည်။
မိဘများ အသက်ထင်ရှားရှိစဉ်က အခြေအနေမပေး၍သော်လည်းကောင်း၊ မလိမ္မာ၍သော်လည်းကောင်း၊ ကျေးဇူးမဆပ်မိဘဲ မိဘများကွယ်လွန်သွားခဲ့လျှင် သတိရ၍ လိမ္မာလာသည့်အခါ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး ကွယ်လွန်သွားသော မိဘများအား ရည်ညွှန်းအမျှပေးဝေခြင်းဖြင့် တနည်းအားဖြင့်ကျေးဇူးဆပ်နိုင်ပါသည်။
သားသမီးဝတ္တရားတွင် မွေခံထိုက်စေ လှူမျှဝေ၍ဟု ပါရှိသည့်အတိုင်း တမလွန်ဘဝသို့ ပြောင်းသွားသော မိဘများအတွက် အလှူဒါနပြုလုပ်၍ အမျှပေးဝေရခြင်းမှာ သားသမီးတို့၏ ကျေးဇူးဆပ်နည်းပင်ဖြစ်ပါသည်။ အမျှပေး၍ ရ၊မရမှာ တမလွန်ဘဝသို့ ရောက်ရှိနေသူက အမျှရယူ သာဓုခေါ်ဆိုနိုင်သော ဘဝ(ပရဒတ္တူပ ဇီဝိက ပေတဘဝမျိုးစသည်)ဖြစ်လျှင် သာဓုခေါ်၍ ကုသိုလ်အဖို့ကို ရနိုင်ပါသည်။ ၎င်းတို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျန်ရစ်သူမိသားစုတို့၏ တာဝန်မှာ ကုသိုလ်ပြု အမျှဝေရမည်သာဖြစ်၍ မပြုမနေ ပြုလုပ်ရမည့် ဝတ္တရား ရှိပါသည်။ တစ်ကြိမ်တစ်ခါသာမဟုတ်၊ ရာသက်ပန် ကုသိုလ်ပြု၊ အမျှဝေနေရမည်ကို အသိပေးတင်ပြ လိုက်ရပါသည်။
မှတ်ချက်။မိဘကျေးဇူးတရားသိတက်နားလည်နိုင်စေဖို့ရေးသားတင်ပြပါသည်။

( ဗုဒ္ဓကမ္ဘာ ဆိုဒ်မှ ကူးယူဖော်ပြသည် )


 

၃၈-ဖြာမင်္ဂလာတရားတော်

 

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ    =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း

 ဧတံမင်္ဂလမုတ္တမံ       =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၂။နေရေးထိုင်ရေးမင်္ဂလာ ၃-ပါး
၎။ ပတိရူပ ဒေသ၀ါသော စ=သင့်လျော်သောအရပ်၌နေရခြင်း
၅။ ပုဗ္ဗေစ တကပုညဘာ    =ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း
၆။ အတ္တသမ္မာပဏိဓိ စ     =မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်း
    ဧတံမင်္ဂလမုတ္တမံ          =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၃။ သင်ကြားရေးမင်္ဂလာ ၄-ပါး
၇။ ဗာဟုသစ္စဉ္စ               =လောကီလောကုတ် အကြားအမြင်များခြင်း
၈။ သိပ္ပဉ္စ                      =စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း
၉။ဝိနယောစသူသိက္ခိတော=လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာ သင်ကြား   နားလည်ခြင်း
၁၀။ သုဘာသိတာစ ယာဝါစ=အပြောအဆိုချိုသာယဉ်ကျေးခြင်း
     ဧတံမင်္ဂလမုတ္တမံ          =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၎။ ပြုစုရေးမင်္ဂလာ ၃-ပါး
၁၁။ မာတာပီတု ဥပဋ္ဌာနံ     =မိဘ ၂ပါးကို လုပ်ကျွေးပြုစုခြင်း
၁၂။ ပုတ္တဒါရဿ သင်္ဂဟော =သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း
၁၃။ အနာကုလာစ ကမ္မန္တာ  =အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
     ဧတံမင်္ဂလမုတ္တမံ          =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၅။ လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄-ပါး
၁၄။ ဒါနဉ္စ                         =စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၁၅။ ဓမ္မစရိယာ                   =သုစရိုက်တရားကိုကျင့်ခြင်း
၁၆။ ဥာတကာနဉ္စသင်္ဂဟော    =ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ          =အပြစ်ကင်းသော အမှုတို့ကိုပြုရခြင်း   
 တေံမင်္ဂလမုတ္တမံ                 =ဤသုံးပါသည် မြတ်သောမင်္ဂလာမည်၏။

၆။ ရှောင်ကြဉ်ရေးမင်္ဂလာ ၄-ပါး
၁၈။ အာရတီ                      =မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း
၁၉။ ၀ိရတီပါပါ                    =မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၂၀။ မဇ္ဇပါနာစ သံယမော       =မှုးယစ်သေစာ မသောက်စားခြင်း
၂၁။ အပ၌မာဒေါစ ဓမ္မေသု     =ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း
        ဧတံမင်္ဂလမုတ္တမံ          =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

ရ။ စိတ်ထားရေးမင်္ဂလာ ၅-ပါး
၂၂။ ဂါရဝေါစ                       = ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း
၂၃။ နိဝါတောစ                    =မိမိကိုယ်ကို နှိမ်ချရခြင်း
၂၄။ သန္တုဋ္ဌိစ                        =ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း)
၂၅။ ကတညုတာ                  =သူတစ်ပါးကျေးဇူးကိုသိခြင်း
၂၆။ ကာလေနဓမ္မဿဝနံ         =သင့်လျော်သောအခါ တရားနာခြင်း
       ဧတံမင်္ဂလမုတ္တမံ             =ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။

၈။ သည်ခံရေးမင်္ဂလာ ၄-ပါး
၁၇။ ခန္တီစ                            =သည်းခံရခြင်း
၂၈။ သောဝစ္စဿတာ             =ဆုံးမလွယ်ရခြင်း
၂၉။ သမဏာနဉ္စဒဿနံ          =ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း
၃၀။ ကာလေနဓမ္မသာကစ္ဆာ     =သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
      ဧတံမင်္ဂလမုတ္တမံ             =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၉။ခြိုးခြံချွေတာရေးမင်္ဂလာ ၄-ပါး
၃၁။ တပေါစ                        =ခြိုးခြံချွေတာခြင်း
၃၂။ ဗြဟ္မရိယဉ္စ                     =မြတ်သောအကျင့်ကို ကျင့်ခြင်း(မေထုန်မှရှောင်ခြင်း)
၃၃။ အရိယာသစ္စာနဒဿနံ       =သစ္စာလေးပါးကို သိခြင်း
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာစ         =နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
                         ဧတံမင်္ဂလမုတ္တမံ                =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
                   
                    ၁၀။ စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ ၄-ပါး
                     ၃၅။ ဖုဋ္ဌဿနကမ္ပတိ               =လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊
                     ၃၆။ အသောကံ                     =မစိုးရိမ်ခြင်း
                     ၃၇။ ၀ိ၇ဇံ                            =ကိလေသာမြူကင်းခြင်း
                     ၃၈။ ခေမံ                            =ဘေးကင်းခြင်း
        တံမင်္ဂလမုတ္တမံ                      ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
မှတ်ချက်။    ။ ၁ မှ ၃၁ အထိ လောကီမင်္ဂလာ၊ ကျန် ၆-ပါး လောကုတ္တရာမင်္ဂလာ၊ ၁ မှ ၃၃ အထိ အကြောင်းမင်္ဂလာ၊ ကျန် ၅-ပါး အကျိုးမင်္ဂလာဟု မှတ်ပါ။  ( ဗုဒ္ဓကမ္ဘာ ဆိုဒ်မှ ကူးယူဖော်ပြပါသည် )

 

ဒု - သ - န - သော

" အိပ်မပျော်၍ နိုးနေသောသူအတွက် ညဥ့်တာရှည်လျား၏။
ခရီးပန်းသူအတွက် ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးဟာရှည်လျားပါသည်။ "
................................
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ် ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကို တမင်အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာ ဖြစ်ပါတယ်။

ဒါနဲ့ သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာ ရှိတဲ့သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါး ပိတ်ထားတဲ့အတွက် အဲဒီည အိပ်စရာမရှိတဲ့အခါ နောက်ဆုံး သတ္တ၀ါတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်းကန်ကို သတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက်ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရ ဖြစ်နေခဲ့ပါတယ်။ အိမ်မပျော် ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသားလေးယောက်ရဲ့ အသံကို ထူးထူးခြားခြား ကြာလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်း သူတို့မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က “ဒု”၊ တစ်ယောက်က “သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲ ပြန်မြုပ်သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ်လန့်ကာ ဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပုရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့အတွက် ဆင်၊ မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား၊ သတိုးသမီး စသဖြင့် သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါဆို ဘုရင်ကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင်နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့သူ ဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်း စီရင်စေပါတယ်။ ဘုရင်ရဲ့ ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သားသမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။
ဒီအသံတွေကြောင့် ကောသလမင်းကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာ ဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့ အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံ ရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီငရဲမှ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပ မြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာ အတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကို ပေးကာ သူတို့နဲ့ ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေးယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲ သူတို့လေးယောက် သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခုတစ်ခါ လောဟကုမ္ဘီငရဲမှာ ထပ်ပြီး ခံနေရတာ ဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲ ဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက

“ဒု” ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အား စည်းစိမ်ဥစ္စများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော” ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ ပြောလိုတာ ဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်ဟာ အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါတော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှ အဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့ တန်ပြန်သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။

No comments:

Post a Comment